ပြည်မြို့ နဝဒေးတံတားနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်
ပြည်၊ နိုဝင်ဘာ ၁၆၊ ၂၀၂၃။
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့ရှိ နဝဒေးတံတားနဲ့ အနီးဝန်းကျင်တဝိုက်ကို စစ်ကောင်စီက နိုဝင်ဘာလ ၁၄ ရက်မှ စတင်ကာ ည ၈ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
တံတားရဲ့ဘယ်ညာ ကိုက် ၅၀၀ စီအကွာအဝေးအတွင်း စက်လှေ၊ လက်လှော်လှေ ၊ ငါးဖမ်းတာ၊ တံတားအောက်ခြေတိုင်အနီး ရပ်တန့်နားတာ၊ ကျောက်ချရပ်နားတာတွေ မပြုလုပ်ရဘူးလို့ အမိန့်ထုတ်ထားတယ်လို့ ဆိုပါတယ်။
"သူတို့က စာထုတ်တာတော့မဟုတ်ဘူး။ မြို့ထဲမှာ ကားနဲ့လိုက်ကြေညာတာ။ သူတို့လိုက်အော်တာ နှစ်ရက်သုံးရက်လောက်တောင် ရှိပြီ။ သူတို့က အမိန့်ကထုတ်ချင်သလိုထုတ်နေတာဘဲဆိုတော့ ဘယ်သူမှ ထွေထူးစိတ်မဝင်စားနေတော့ဘူး"လို့ ပြည်မြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
နဝဒေးတံတားကိုဖြတ်သန်းပြီး ရခိုင်ပြည်နယ်ကိုသွားလာနိုင်တဲ့ ပန်းတောင်း - တောင်ကုတ်လမ်းနဲ့ ပုသိမ် - မုံရွာလမ်းတွေကို သွားရောက်နိုင်ပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့ကစတင်ကာ ရခိုင်နဲ့ပြည်ပြေးဆွဲနေတဲ့ ယာဥ်လိုင်းအားလုံးရပ်နားထားပြီး ယနေ့ထိပြေးဆွဲတာမရှိဘူးလို့ ဆိုပါတယ်။
ပြည်မြို့ နဝဒေးတံတား ပတ်ဝန်းကျင်တဝိုက်ကို ၁၄၄ သတ်မှတ်ထားသလို ရခိုင်ကိုသွားတဲ့ ငသိုင်း ချောင်း - ဂွလမ်း၊ပြည် - တောင်ကုတ်လမ်း၊ ပဒါန်း - အမ်းလမ်းစတဲ့ ကားလမ်းတွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။
သတင်း - ကျော်ကြီး၊ စာတည်း - ရင်ငြိမ်း