မန္တလေးမြို့က စစ်အုပ်စု ရှိနေတဲ့နေရာ သုံးနေရာမှာ ဒီမနက်ပိုင်း ပေါက်ကွဲမှု ဖြစ်
နိုဝင်ဘာလ ၂၈ ရက်
မန္တလေးမြို့က စစ်အုပ်စု ရှိနေတဲ့နေရာ သုံးနေရာမှာ ဒီမနက်ပိုင်း တပြိုင်နက် ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
နိုဝင်ဘာ(၂၈)ရက်၊ ဒီမနက်ပိုင်း မန္တလေးမြို့၊ အမရပူရမြို့နယ်၊ အိုးတော်ရပ်ကွက်ရုံးနဲ့ ကန်တော်ကြီးမီးပွိုင့်၊ မနက်(၇)နာရီခန့်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ ရပ်ကွက်ရုံးတို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ မန္တလေး မြေပြင်ကင်းထောက်အဖွဲ့ Mdy Revolution အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
"ရပ်ကွက်ရုံးထဲမှာ မနက်က ပေါက်ကွဲသံ ကြားလိုက်တယ်။ အဲတာ အပြီး စကစကနေ သေနတ်တွေနဲ့ လျှောက်ပစ်တာတော့ လုပ်သေးတယ်။ သေနတ်သံ ငါးချက်လောက်ကြားပြီး ငြိမ်သွားတယ်" လို့ ပြည်ကြီးတံခွန်မြို့နယ်က သတင်းအရင်းမြစ်တဦးက ပြောပါတယ်။
ဒီပေါက်ကွဲမှုတွေကြောင့် စစ်အုပ်စု လက်အောက်ခံတွေ ထိခိုက်မှု ရှိ၊မရှိ မသိရသေးဘဲ အမရပူရမြို့၊ အိုးတော်ရပ်ကွက်ရုံးနဲ့ ပြည်ကြီးတံခွန်မြို့နယ် ထွေအုပ်ရုံးထဲမှာ စစ်အုပ်စု လက်အောက်ခံတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးမြို့မှာ မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေ အရှိန်မြင့်ပြီး ရွှေပြည်စိုး စစ်ဆင်ရေး ဖော်ဆောင်မယ်လို့ နိုဝင်ဘာ(၁၃)ရက်မှာ မန္တလေးခရိုင် PDF တပ်ရင်းတွေက ကြေညာခဲ့ပြီးနောက် ယခုလို ပေါက်ကွဲသံတွေ ကြားရတာ ဖြစ်ပါတယ်။
လက်ရှိမှာ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်အုပ်စုက မန္တလေး မြို့တွင်းနဲ့ မြို့အဝင်အထွက် ဂိတ်တွေမှာ ပြည်သူကို ဖမ်းဆီးစစ်ဆေးငွေညှစ်တာ၊ ရန်ပြု သောင်းကျန်းတာတွေ ပိုမို လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။