မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပင်းတယမြို့ပေါ်တွင်

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပင်းတယမြို့ပေါ်တွင် ဗုံးများပေါက်ကွဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၈ 

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲကြောင်း ဒေသပြည်သူများက ပြောဆိုသည်။  

ယနေ့ နိုဝင်ဘာလ ၂၈ နံနက် ၆ နာရီခန့်အချိန် မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရတနာဂူအနီးတွင်လည်းကောင်း၊ ယနေ့ နံနက် ၇ နာရီခန့်အချိန် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅ လမ်း၊ ၆၁ လမ်းနှင့် ၆၂ လမ်းအနီးတွင်လည်း ကောင်း ဗုံးများပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်က ဗုံးပေါက်ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း Mandalay Revolution Inspectors နှင့်ဒေသပြည်သူများက ပြောဆိုသည်။ 

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ပင်းတယမြို့ပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ညပိုင်း ပင်းတယမြို့၊ ရွှေဥမင် ဘုရားမုဒ်အဝင် အကြမ်းဖက်စစ် ကောင်စီလက်အောက်ခံ လဝကရုံး၊ တရားရုံး၊ ဥပဒေရုံးများရှိရာ နေရာဘက်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နေအိမ်များပင် တုန်လှုပ်သွားကြောင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေမသိရသေးကြောင်း သိရသည်။

“ဒီနေ့ည ဗုံးပေါက်ကွဲတယ်၊ အသံက အတော်ကျယ်တယ်၊ အိမ်ပါ တုန်သွားတာ၊ အိမ်နဲ့ နီးတော့၊ မြို့ထဲ က နေ လာရင် ရွှေဥမင် ဘုရား မုဒ်ဦး အဝင်နေရာမှာ၊ လဝကရုံး၊ တရားရုံး၊ ဥပဒေရုံးတွေဘက် ပေါက် တာ၊ ပံ့သကူရှာနေတဲ့သူတွေ အုန်းခနဲ့ အသံကြားပြီးတော့ ခေါင်းတွေပေါ် အမှုန့်တွေ အများကြီးကျလာ လို့ ထွက်ပြေးလာကြတာ၊ လူတွေအကုန် ပြာယာခပ်ကုန်တယ်၊” ဟု ပင်းတယ ဒေသနေပြည်သူ တစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။


Post a Comment

Previous Post Next Post