မတ္တရာမြို့နယ်တွင် ၃ ရက်ဆက် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မတ္တရာမြို့နယ်တွင် ၃ ရက်ဆက် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ 

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ၃ ရက်ဆက် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Mandalay PDF တပ်ဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့်အတူ ပူးပေါင်း ဆင်နွှဲနေသည့် "တောင်သမန် စစ်ဆင်ရေး" အဖြစ် မတ္တရာမြို့နယ်၊ ကင်းကျေးရွာဘက်ကို အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြားကာ ကစဥ့်ကလျားဖြင့် ထွက်ပြေးသွားကြောင်း၊ တိုက်ပွဲအတွင်း ထွက်ပြေးသွားသော ပျူစောထီး အချင်းချင်း ၁၅ မိနစ်ခန့် ကြာသည်အထိ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် အင်အား ၈၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး လက်ရှိချိန်ထိ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ  လက်နက်ကြီးများ ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် တရစပ် ဖိအားပေး တိုက်ခိုက်နေကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး၏ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီး ဌာန ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်၌ ရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) မဟာမိတ် TNLA နှင့် မတ္တရာမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၄ ရက်နေ့က ကျောက်မဲမြို့ အခြေစိုက် စကခ- ၁ စစ်တပ်ဝင်းအတွင်းသို့ Drone ဖြင့် ဗုံးသီး ၈ လုံးကြဲချခဲ့ရာ ၈ လုံးစလုံး ပစ်မှတ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် တရစပ် ဖိအားပေး တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲနှင့်ဝေးသော ဘေးလွတ်ရာနေရာများတွင် တိမ်း ရှောင်နေကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ စစ်ဦးစီးအဖွဲ့က မေတ္တာရပ်ခံ ထားသည်။



Post a Comment

Previous Post Next Post