ခလရ(၁၂၅)တပ်ရင်းမှူးက အလံဖြူထောင်ကာ MNDAAထံ လာရောက် ဆွေးနွေးပြီး

ခလရ(၁၂၅)တပ်ရင်းမှူးက အလံဖြူထောင်ကာ MNDAAထံ လာရောက် ဆွေးနွေးပြီး လက်နက်ချ အလင်းဝင်ခဲ့ဟု အသိပေး

▪️အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)၏ စကခမှူးမှာ တပ်ဖွဲ့ဝင် ၁၀၀ကျော်ခေါ်ဆောင်ကာထွက်ပြေးသွားကြောင်း တပ်ရင်းမှူးပြောဟု ထုတ်ပြန်

ရန်ရန်/People’s Spring

ကိုးကန့်ကုန်းကြမ်းဒေသ အခြေစိုက် ခလရ(၁၂၅) တပ်ရင်းမှူးသည် တိုက်ပွဲဖြစ်ပွားနေစဉ် အလံဖြူထောင်ကာ ကိုးကန့်တပ်မတော်(MNDAA) ထံ လာရောက်ဆွေးနွေးပြီး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း MNDAAက ယနေ့ ညပိုင်း၌ ထုတ်ပြန်သည်။
 
MNDAAက နိုဝင်ဘာ ၂၄ရက်တွင် ကုန်းကြမ်း(ရှင်းဝမ်)ဒေသရှိ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၈ ရက်အထိ ကုန်းကြမ်းဒေသရှိ စစ်ကောင်စီတပ်စွဲထားသော တပ်စခန်း (၅)ခုနှင့် ဘေးပတ်လည်ယာယီစခန်းများကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

MNDAA၏ အရှိန်အဟုန်ပြင်းစွာ ပစ်ခတ်တိုက်ခိုက်မှုအောက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်ရင်း(၁၂၅)တစ်ရင်းလုံးမှာ အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင်ရန်အချက်ပြခဲ့ကြောင်း ဖော်ပြသည်။

ထို့နောက် ၎င်းတပ်ရင်းမှတပ်ရင်းမှူးသည် ရဲဘော်တစ်ယောက်နှင့် အတူ MNDAAထံသို့ရောက်လာပြီး လက်နက်ချအလင်းဝင်ရန် ဆွေးနွေးတောင်းဆိုခဲ့ကြောင်း၊  ဒဏ်ရာရလူနာများကိုကုသကယ်ဆယ်ပေးရန်နှင့် မိသားစုဝင်များ၏နေထိုင်ရေး စီစဉ်ပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊  ၎င်းတို့တောင်းဆိုချက်များကို သဘောတူညီပြီးနောက် ညနေပိုင်းတွင်  ၎င်းတပ်ရင်းမှူးသည် လက် အောက်ငယ်သားများအားလုံးခေါ်ဆောင်ပြီး MNDAAထံသို့ လက်နက်ချအလင်းဝင်လာခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ ခလရ(၁၂၅) တပ်ရင်းမှူး၏ပြောဆိုချက်အရ စစ်ကောင်စီ အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ - ၁၆)၏ စကခမှူးမှာ နိုဝင်ဘာ ၂၇ ရက်တွင် အဖွဲ့ဝင်(၁၀၀)ကျော်ကို ခေါ်ဆောင်ပြီး ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။

တပ်ရင်းမှူး အမည်၊ စကခမှူးအမည် တို့ကို အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။

လက်နက်ချအလင်းဝင်သည့် စာရင်းကိုထုတ်ပြန်ရာ ကော်မျိုးနွယ်ပြည်သူ့စစ်အဖွဲ့ဝင်(၂၇)ဦး (ဗမာလူမျိုး) ၊ ခလရ (၁၂၅)အဖွဲ့ဝင် (၉၃)ဦး ၊ စကခ(၁၆)အဖွဲ့ဝင်(၃၆)ဦး ၊ စကခ(၁၂)အဖွဲ့ဝင်(၁၄)ဦး ၊ စစ်မိသားစုဝင်(၈၆)ဦး ၊ စစ်ဆင်ရေးအကြံပေး သူ(၅)ဦး နှင့် ရဲအဖွဲ့ဝင်(၁၁)ဦး စုစုပေါင်း(၂၇၂)ရှိခဲ့ကြောင်း ဖော်ပြထားသည်။

MNDAAသည် သမိုင်းဝင်စစ်အောင်ပွဲကြီးကိုထပ်မံဖော်ဆောင်နိုင်ခဲ့ပြီး ကိုးကန့်ခရိုင် ရှင်းဝမ်(ကုန်းကြမ်း)ဒေသကို အပြက်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း အသိပေးသည်။

အဆိုပါ ဒေသကို  စစ်ကောင်စီဘက်မှ နှစ်ပေါင်း(၃၀)နီးပါးထိန်းချုပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယခု ခလရ(၁၂၅) တပ် အလင်းဝင်လာခြင်းသည် ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း တပ်ရင်း တစ်ရင်းလုံး အလင်းဝင်ရောက်မှု တတိယအကြိမ်ဖြစ်ပြီး နိုဝင်ဘာ ၁၂ရက်ကလည်း ခမရ(၁၂၉)တပ်ရင်းက လူဦးရေ ၂၆၀ အလင်းဝင်ခဲ့သည်။

စစ်ဆင်ရေး အောင်မြင်မှုများကြောင့် MNDAAအနေဖြင့်  စစ်ကောင်စီကို ကိုးကန့်ဒေသမှ မောင်းထုတ်လိုသောရည်မှန်းချက် အောင်မြင်တော့မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။


Post a Comment

Previous Post Next Post