ရန်ကုန်တွင် Alpha Operation၏ ပထမဆုံးစစ်ဆင်ရေးစတင်
▪️အရှိန်မြှင့်ဆောင်ရွက်မည်ဟုဆို
သတိုး /People's Spring
ပြီးခဲ့သည့်ရက်က ရန်ကုန်တိုင်းရှိ မြို့နယ်များ၌ ဖြစ်ခဲ့သည့် ပေါက်ကွဲမှုများမှာ လွတ်မြောက်နယ်မြေများမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ၍တာဝန်ထမ်းဆောင်နေသည့် အထူးတပ်ဖွဲ့ဝင်များနှင့် ရန်ကုန်မြေအောက်တော်လှန်ရေးတပ်ဖွဲ့များစုပေါင်းထားသည့် Alpha Operation ၏ ပထမဆုံးစမ်းသပ်စစ်ဆင်ရေးဖြစ်ကြောင်း ယင်းစစ်ဆင်ရေး၏ တာဝန်ခံက လူထုနွေဦးသို့ပြောသည်။
အဆိုပါစစ်ဆင်ရေးကို ကမ်ပိန်းအသွင်ဆောင်သည့် ပုံစံဖြင့်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နည်းပညာသုံးမိုင်းများတပ်ဆင်ထားသည့် Bluetooth Speakerများကို စစ်ကောင်စီတပ်စွဲထားသည့်နေရာများ ၊ ပျူစောထီးများစုစည်းလေ့ရှိသည့်နေရာများ အနီးအနားတွင် ထားရှိကာဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ပေါက်ကွဲမှုမဖြစ်မီ ပထမအဆင့်တွင် အသံသပိတ်အနေဖြင့် Bluetooth Speaker များမှ ကမ်ပိန်းနှင့်ပတ်သက်၍ ရှင်းပြခြင်း ၊ စပီကာကို မထိ ၊မကိုင် ၊မပိတ်ရန် သတိပေးစကားပြောကြားခြင်း၊ တော်လှန်ရေး အောင်မြင်မှုအခြေအနေကိုရှင်းပြခြင်း နှင့် ပြည်သူများဘေးအန္တရာယ်ကင်းအောင်နေထိုင်သွားလာရန်သတိပေးစကားများကို ဖွင့်ပြပေးမည်ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့် ယင်းစပီကာများကို ပိတ်သူ ၊ဖယ်ရှားသူ ၊ ဖျက်ဆီးသူများရှိပါက သတ်မှတ်ထားသည့် အချိန်အတွင်း စပီကာများသည် မိုင်းအဖြစ် ပေါက်ကွဲခြင်းဖြစ်ပေါ်သည် ဟု Alpha Operation က ထုတ်ပြန်ထားသည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီနှင့် ၎င်းတို့၏လက်အောက်ခံများ အထိအခိုက်ရှိသည်ဟု စုံစမ်းသိရှိရသော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့် လော်ဘီများက ပြည်သူများသာထိခိုက်ကြောင်း ဖော်ပြထားသည်။
သို့သော် ထိခိုက်သူများတွင် စပီကာကို ကောက်ယူခဲ့သည့် ပြည်သူနှစ်ဦးရှိကြောင်း ကြားရသောကြောင့် စိတ်မကောင်းဖြစ်ရပြီး ပြည်သူများအနေဖြင့် မိမိနှင့်မသက်ဆိုင်သည့်ပစ္စည်းများကို ထိတွေ့ကိုင်တွယ်ခြင်းမပြုပဲ ရှောင်ရှားရန် ယင်းအဖွဲ့က တိုက်တွန်းထားသည်။
ယင်းစစ်ဆင်ရေးကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခဲ့သလို စစ်ဆင်ရေးလုပ်ဆောင်သည့် ရဲဘော်အားလုံးဘေးကင်းကြောင်းအထက်ပါတာဝန်ရှိသူက ပြောသည်။
Alpha Operation အနေဖြင့် ဆက်လက်၍ စစ်ဆင်ရေးများ ပိုမိုပြင်းထန်သောစစ်ဆင်ရေးများကို ရန်ကုန်အပါအဝင် အခြားမြို့များတွင်လည်း တပြိုင်နက် လုပ်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် မိမိနှင့်မသက်ဆိုင်သည့်အရာများကို ပါဝင်ခြင်းမပြုရန် နှင့် မြို့ပြအထူးစစ်ဆင်ရေးအား နိုင်သည့်ဘက်မှ ဝိုင်းဝန်းအားဖြည့်ရန် ယင်းအဖွဲ့က မေတ္တာရပ်ခံသည်။
ယင်းစစ်ဆင်ရေးများကို ဒီဇင်ဘာ ၁၅ ရက်တွင် လုပ်ဆောင်ခဲ့ခြင်း ရန်ကုန်တိုင်းရှိ အနည်းဆုံးမြို့နယ် ၁၀ မြို့နယ်တွင် ပေါက်ကွဲမှုများဖြစ်ခဲ့ကြောင်း လူထုနွေဦးမှ စုံစမ်းသိရှိရသည်။