ရွှေဘိုမြို့နယ်မှ အဓမ္မသိမ်းလာသော ဆန်အိတ် ၃၀၀ကျော်ပါ

ရွှေဘိုမြို့နယ်မှ အဓမ္မသိမ်းလာသော ဆန်အိတ် ၃၀၀ကျော်ပါ စစ်တပ်ရိက္ခာတင်ယာဉ် စဉ့်ကူး(ပကဖ) ဖမ်းဆီး

အင်ကြင်း/People's Spring

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကိုင်းတိုင်းရွှေဘိုမြို့နယ်မှ ဆန်အိတ် ၃၀၀ကျော် အဓမ္မသိမ်းလာသော စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တစ်စီးအား မြို့နယ်(ပကဖ)အဖွဲ့က ဖမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၄ ရက် နေ့လယ် ၁နာရီခန့်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆန်စက်ကြီးများနှင့် ဆန်ကုန်သည်ကြီးများထံမှ ရိက္ခာအတွက် အဓမ္မသိမ်းယူလာသော ရွှေဘိုဘေးကြားဆန်အိတ်ပေါင်း ၃၀၀ ကျော်ပါ ၂၂ ဘီးယာဉ်တစ်စီးကို စဉ့်ကူးမြို့နယ် တရော်ပင်ရွာအနီးတွင် မြို့နယ်(ပကဖ)အဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ရွှေဘိုမြို့မှ (၂၂)ဘီးယာဉ်လေးစီးဖြင့် ဆန်အိတ်များတင်ဆောင်၍ ထွက်လာကြောင်း ကြိုတင်သတင်းရ၍ မြို့နယ်(ပကဖ)မှ စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းအဖွဲ့က ပြောသည်။

"ကားသမားနှစ်ဦးက သူတို့ကို မန္တလေးလို့ ပြောပြီး ချောခေါ်ခံရတယ်လို့ ထွက်ဆိုတယ်။
ရွှေဘိုကနေ စဥ့်ကူးထဲဆိုတော့ မန်းလေးဘက်ထိသယ်ဖို့ဖြစ်မယ်။ ဘယ်စစ်တပ်ဖို့ ဆိုတာတော့ မသိပါဘူး။"ဟု ပကဖအဖွဲ့နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ယာဉ်လေးစီးအနက် တစ်စီးဖမ်းမိခဲ့ပြီး ဆန်အိတ်များကိုသိမ်းယူခဲ့ကြောင်း၊ ကားနှင့်ကားသမားနှစ်ဦးကိုမူ စစ်ဆေးမေးမြန်း၍ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။

အခင်းဖြစ်ပြီး ညပိုင်း၌ စစ်ကောင်စီတပ်က စဥ့်ကူးနယ်ရှိ ရွှေဂုဏ်တိုင်ကျေးရွာဘက်သို့ လက်ကြီးနက်ဖြင့်(၅)ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(စဥ့်ကူး-ရွှေဘိုလမ်းပေါ်ရှိ ရတနာသိင်္ခတံတားအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

Post a Comment

Previous Post Next Post