မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ပေါက်ကွဲသံများကို မန္တလေးမြို့ခံများအားလုံး ကြားရ
ဒီဇင်ဘာ ၂၁ ရက်
မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း မန္တလေးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၂ နာရီကျော်အချိန် မန္တလေး၊ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်သံများ ဆက် တိုက်ကြားရကြောင်း၊ ပေါက်ကွဲသံ ၆ ချက် ထွက်ပေါ်ခဲ့ပြီး ပထမ ပေါက်ကွဲသံပြီးနောက် ထပ်မံ၍ ပေါက်ကွဲသံ ၅ ချက် ဆက်တိုက်ထွက်ပေါ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ပထမ ရွှီး ဆိုတဲ့ အသံကြီးကြားရတယ်။ ပြီးမှ အုန်းကနဲပေါက်တယ်။ နည်းနည်း စက္ကန့်ပိုင်းလောက်ခြားပြီး ရွှီးသံ ၅ ချက် ထပ်ကြားရတယ်။ ပေါက်ကွဲသံတွေကလည်း ဆက်တိုက်ပဲ။ ပေါက်ကွဲသံ ၅ ချက် ဆက် တိုက် ကြားရတာ။ အိမ်တွေတောင်တုန်တယ်။ နောက် ၅ ချက်မှာ နန်းတွင်းနဲ့နီးတဲ့ဘက်က အိမ်တွေပါ တုန်နေတာ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
မြို့ပြ အထူးစစ်ဆင်ရေး Urban Special Operation (U.S.O) ကမူ မန္တလေး၊ နန်းတွင်းထဲတွင် တပ်စွဲထားသော စစ်တပ်ကို တာဝေးပစ် ၁၀၇ မမ ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းမစ်ရှင်ကို Brave Warriors For Myanmar (BWM) ၏ ကူညီပံ့ပိုးမှုဖြင့် No More Dictatorship(NMD-PDF) ၊ Security & Special Task Force(SSTF-MDY) နှင့် ပြင်ဦးလွင်ခရိုင် ပကဖတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီအချိန် မန္တလေးမြို့၊ နန်းတွင်းထဲရှိ အ လယ် ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်က မန္တလေးနှင့်စစ်ကိုင်းအဝင်အထွက်များကို တင်းကျပ်စွာ ပိတ်ဆို့ စစ်ဆေးနေကြောင်း၊ စစ်ကိုင်းနှာပေါက်တွင် ဆိုင်ကယ်များနှင့် ကားများကို အထူးစစ်ဆေးနေကြောင်း ဒေသပြည်သူတချို့နှင့် မန္တလေးကင်းထောက် အဖွဲ့များထံမှ သိရှိရသည်။