မကွေး နှင့်ချင်း  အစပ်ရှိဘုံးဇုံရဲစခန်းကို ချင်းတော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
▪︎ဗိုလ်ကြီးတစ်ဦးဖမ်းမိပြီးစစ်သားများထွက်ပြေး၍လိုက်ဖမ်း ၊လက်နက်ခဲယမ်းများရရှိ
▪︎ဘုံးဇုံစခန်းသိမ်းလိုက်၍ဟားခါး-ဂန့်ဂေါလမ်းတလျောက်တွင် စစ်ကောင်စီတပ်စခန်းမကျန်တော့
စောနွေဦး/People's Spring 
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်နှင့် ချင်းပြည်နယ်အစပ်၊ ဘုံးဇုံရွာတွင်ရှိသည် စစ်ကောင်စီရဲစခန်းကို ယနေ့မနက်ပိုင်းကချင်းတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ချင်းကာကွယ်ရေးတပ်များထံမှသိရသည်။ 
အဆိုပါရဲစခန်းကို ယနေ့ မနက်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲထဲမှ စစ်ကောင်စီတပ်သားတွေထွက်ပြေးနေကြလို့ လိုက်ဖမ်းနေတယ်”ဟု တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက People's Spring သို့ပြောသည်။ 
စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးကိုဖမ်းမိထားပြီးလက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်းလည်း ၎င်းကဆက်ပြောသည်။ 
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ လေးကြိမ်တိုက်ခဲ့သည်ဟုလည်း ဒေသခံများကပြောသည်။
ထိုတိုက်ပွဲအတွင်း CDF-ဟားခါးမှရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်းလည်း ချင်းကာကွယ်ရေးတပ်များထံမှသိရသည်။ 
ထိုတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော်(CNA)၊ CDF-ဟားခါးစသည့် ချင်းတော်လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ 
ဘုံးဇုံရဲစခန်းသည် ဂန့်ဂေါမြို့နှင့်ဟားခါးမြို့တိုကို့ ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်တွင် တည်ရှိသည်။ ထိုရဲစခန်းကို ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်ပြီးနောက် ဟားခါး-
ဂန့်ဂေါလမ်းမကြီးတလျောက်တွင် စစ်ကောင်စီတပ်စခန်း မကျန်တော့ကြောင်း ချင်းတော်လှန်ရေးတပ်များထံမှ သိရသည်။
(ဘုံးဇုံးစခန်းတည်နေရာမြေပုံ ၊ ဘုံးဇုံ ရွာ နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CDF-ဟားခါး၊The Chin Net)