နေပြည်တော်နှင့် မနီးမဝေး ပဲခူးရိုးမဖြတ်လမ်းပေါ် PDF များခြေဆန့်လာပြီ

နေပြည်တော်နှင့် မနီးမဝေး ပဲခူးရိုးမဖြတ်လမ်းပေါ် PDF များခြေဆန့်လာပြီ
-------------------
စစ်ဗိုလ်ချုပ်များရုံးစိုက်ရာ နေပြည်တော်မှ ၁နာရီသာဝေးသည့် ပဲခူးတိုင်း သာဂရမြို့နှင့် မကွေးတိုင်း ကိုးပင်ရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းတွင် တော်လှန်ရေးသမားများက ဒီဇင်ဘာ ၁၆၊ ၁၇ နှစ်ရက်ဆက်တိုက် လမ်းသွားလမ်းလာများကို စစ်ဆေးခဲ့သည်။

စစ်တပ်ထုတ်ကုန်များ သယ်ဆောင်ခြင်း၊ စစ်တပ်သတင်းပေးများ ဖြတ်သန်းခြင်းရှိမရှိ စစ်ဆေးရန်၊ အစစ်ဆေးကြမ်းသည့် နေပြည်တော်အနီးတွင်ပင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရှိနေပြီဆိုသော သတင်းစကား ပြည်သူ့ထံပါးရန် ရည်ရွယ်ကြောင်း ထိုလှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည့် အဖွဲ့မှ တော်လှန်ရေးသမားတစ်ဦးက ပြောသည်။

ထိုလှုပ်ရှားမှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တောင်ငူခရိုင် တပ်ရင်းအမှတ် ၃၅၀၁၊ တပ်ခွဲ ၆ က လုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့က ပေးပို့သည့် ရုပ်သံဖိုင်တွင် အရပ်ဝတ်၊ စစ်ဝတ်စုံ ဝတ်ဆင်ထားသူ အမျိုးသားတချို့က မောင်းပြန်သေနတ်ကိုင်ဆောင်ကာ ဆိုင်ကယ်ဖြင့် သွားလာနေသူများကို စစ်ဆေးနေသည်ကို တွေ့ရသည်။

PDF တစ်ဦးက ခရီးစဉ်ကို မေးမြန်းရာတွင် ခရီးသွားအမျိုးသမီးတစ်ဦးက “သာဂရဘက်ထဲက အမေတို့ ဆီလာတာ” ဟု ပြန်လည်ဖြေဆိုသည်ကို ထိုရုပ်သံတွင်ကြားရသည်။ မိုင် ၈၀ ကျော်ခရီးရှိသည့် သာဂရ၊ ကိုးပင်လမ်းပိုင်းအတွင်း မည်သည့်နေရာ၌ တော်လှန်ရေးသမားများ လှုပ်ရှားခဲ့သည်ကိုမူ ရှင်းလင်းစွာ မသိရပေ။

လုံခြုံရေးအရ အမည်မဖော်လိုသည့် သာဂရမြို့ခံ အမျိုးသားတစ်ဦးက “အဲဒီလမ်းပိုင်းက သာဂရမြို့ကနေ ဈေးဝယ်ပြီး ပြန်လာတဲ့သူတွေ၊ ကုန်ကားအသေးလေးတွေ သစ်ခုတ်ကားတွေအဓိက သွားလာကြတယ်။ စစ်တပ်ဂိတ်တွေလည်း ရှိတယ်” ဟု ပြောသည်။ ထိုလမ်းပိုင်းတွင် PDF အဖွဲ့လှုပ်ရှားခဲ့သည့် အကြောင်းကိုမူ ထိုဒေသခံက အတည်ပြုပေးနိုင်ခြင်းမရှိပေ။

သာဂရ၊ ကိုးပင်လမ်းပိုင်းသည် နေပြည်တော်၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းတို့ နယ်နိမိတ် ထိစပ်နေသည့် ဒေသတွင် ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်သည်။


ပုံစာ - ပဲခူးတိုင်း၊ သာဂရမြို့နှင့် မကွေးတိုင်း၊ ကိုးပင်ရွာကို ဆက်သွယ်ထားသည့် လမ်းပိုင်းတွင် ဒီဇင်ဘာလလယ်ပိုင်းက တွေ့ရသည့် တော်လှန်ရေးသမားတချို့။ ဓာတ်ပုံ - တောင်ငူခရိုင် တပ်ရင်းအမှတ် ၃၅၀၁၊ တပ်ခွဲ ၆

Post a Comment

Previous Post Next Post