ကျောက်မဲ မိုင်းလုံစခန်းကို သိမ်းပြီး မိုင်းလုံမြို့ကို TNLA သိမ်းပိုက် ထိန်းချုပ်၊
နမ့်ခမ်းက မိုင်းဝီးစခန်းကိုလည်း သိမ်းပိုက်၊ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စု တပ်ပျက်ပြီး ကစဥ်ကလျား ထွက်ပြေး၊
မှူးအိန်ဂျယ်လ်/MFP ၊ ဒီဇင်ဘာ - ၆
ရှမ်းပြည်မြောက်ပိုင်း၊ တအာင်းဒေသ၊ ကျောက်မဲခရိုင်က မိုင်းလုံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက် ပြီးနောက် မိုင်းလုံမြို့ကိုပါ သိမ်းပိုက် ထိန်းချုပ်နိုင်ပြီ ဖြစ်သလို နမ့်ခမ်းမြို့နယ်က မိုင်းဝီး စခန်းကိုပါ သိမ်းပိုက် ရရှိတယ်လို့ တအာင်းတပ်မတော် - TNLA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး တာအိုက်ကျော်က MFP ကို ပြောပါတယ်။
TNLA ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းပြည်နယ် တပ်မဟာ(၂)နဲ့ (၃)စစ်ဒေသတွေ ဖြစ်တဲ့ နမ်းခမ်းမြို့နယ်က စစ်အုပ်စုရဲ့ မိုင်းဝီးတပ်စခန်းနဲ့ ကျောက်မဲက မိုင်းလုံ တပ်စခန်းကို နှစ်ခုကို ဒီဇင်ဘာ(၅)ရက် မနေ့က ညပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ မိုင်းလုံတပ်စခန်းကို ဒီဇင်ဘာ(၅)ရက် ည(၈)နာရီမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပြီး TNLA က ဝင်ရောက် တိုက်ခိုက်ချိန် အဲဒီ တပ်စခန်းအတွင်းမှာ ရှိတဲ့ စစ်အုပ်စု တပ်ပျက်ပြီး ကစဥ်ကလျား ထွက်ပြေးတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
အဲဒီ မိုင်းလုံ စစ်အုပ်စု စခန်းကနေ (၈၀မမ)နဲ့ (၆၀မမ) လက်နက်ကြီး အပါအဝင် လက်နက်(၁၃)လက်နဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့လည်း ဆိုပါတယ်။
အလားတူ TNLA တပ်မဟာ(၃)စစ်ဒေသ၊ မူဆယ်ခရိုင် နမ့်ခမ်းမြိုနယ်က စစ်အုပ်စုရဲ့ မိုင်းဝီးတပ်စခန်းကို ဒီဇင်ဘာ(၅)ရက် ညသန်းခေါင်ဖြစ်တဲ့ (၁၂)နာရီခွဲမှာ TNLA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဲဒီ မိုင်းဝီး စစ်အုပ်စု စခန်းကို ဒီဇင်ဘာ (၂)ရက်က စတင်ကာ တိုက်ခိုက်ခဲ့ပြီး လေးရက်အကြာမှာ အလုံးစုံ သိမ်းပိုက်ရရှိကာ အဲဒီတပ်စခန်းအတွင်းကနေ (၆၀မမ) လက်နက်ကြီး အပါအဝင် လက်နက်(၁၀)လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ TNLA က ဖော်ပြပါတယ်။
အဆိုပါ သိမ်းပိုက် ထိန်းချုပ်ထားတဲ့ စစ်အုပ်စု စခန်းတွေကို ဒီနေ့မှာ TNLA က နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့မှာလည်း သီပေါမြို့နယ်နဲ့ နမ့်ခမ်းမြို့နယ် နှစ်နေရာမှာ TNLA နဲ့ စစ်အုပ်စု တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေတယ်လို့ TNLA ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာ(၂၇)ရက်ကနေ ဒီဇင်ဘာ(၅)ရက်အထိ တအာင်းပြည်နယ်အတွင်းက စစ်အုပ်စုရဲ့ တပ်စခန်း (၅၃)ခုကို TNLA က တိုက်ခိုက် သိမ်းပိုက် ရရှိခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။