ပေါက်တောမြို့မ ရဲစခန်းကို AA သိမ်းပိုက်

ပေါက်တောမြို့မ ရဲစခန်းကို AA သိမ်းပိုက်

ဧရာဝတီ၊ နိုဝင်ဘာ ၁၆၊ ၂၀၂၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့မ ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၅ ရက်တွင် တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ယမန်နေ့ ည ၁၀ နာရီဝန်းကျင်တွင် ပေါက်တောမြို့မ ရဲစခန်းမှ သေနတ်သံ ၁၀ ချက်ခန့်ထွက်ပေါ်ခဲ့ပြီးနောက် စခန်းတခုလုံး လက်နက်ချ အညံ့ခံလိုက်ခြင်း ဖြစ်ကြောင်း ပေါက်တောမြို့ခံတဦးက ပြောသည်။

၎င်းက "AA က လက်နက်ချဖို့ ညှိနှိုင်းတာ၂ ရက်လောက် ရှိပြီလို့ သိရတယ်။ တပ်သားတွေကတော့ လက်နက်ချမယ်၊ အရာရှိတွေက လက်နက် မချလိုဘူး။ အဲဒါကြောင့် ကြန့်ကြာနေတာ။ မနေ့က ည ၈ နာရီလောက်မှာ  AA က ဝင်တိုက်မယ် လုပ်တော့မှ စခန်းတခုလုံး လက်နက်ချကြတာ" ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအခြေအနေတွင် ပေါက်တောမြို့မ ရဲစခန်းကို  AA က သိမ်းပိုက်ထားသလို မြို့နယ်ထွေအုပ်ရုံးနှင့် လဝက ရုံးတို့၌လည်း အလံဖြူထောင် ထားကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လက်နက်ချရန် AA က ပြောဆိုထားပြီး အညံ့မခံလိုသူများကို တိုက်ခိုက်သွားမည်ဟုလည်း ​သတိပေးထားသည်။

ယမန်နေ့တွင်လည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်နယ်မြေရဲစခန်းမှ ဒုရဲအုပ်တဦး လက်နက်နှင့်အတူ AA ထံအလင်းဝင်ခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များလည်း စခန်းကို စွန့်ခွာသွားကြကြောင်း ဒေသအခြေစိုက် မီဒီယာများတွင် ဖော်ပြထားသည်။

ထို့ပြင် မြောက်ဦး တိမ်ညိိုရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မင်းပြား ရာမောင်ရဲတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာခြင်း၊ ထွက်ပြေးခြင်းများရှိနေပြီး၊ နယ်ခြားစောင့်တပ်စခန်း၊ ရဲစခန်းများအပါအဝင် စခန်းပေါင်း ၄၀ နီးပါး စစ်ကောင်စီ စွန့်လွှတ်ခဲ့ရကြောင်း AA က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

Post a Comment

Previous Post Next Post