လက်နက်ချ အညံ့မခံသော စစ်ကောင်စီ တပ်သားများကို AA တိုက်ခိုက်

■ လက်နက်ချ အညံ့မခံသော စစ်ကောင်စီ တပ်သားများကို AA တိုက်ခိုက်၊ စစ်ကောင်စီ တပ်ဖွဲဝင် ၅ဦး သေဆုံး

Western News| နိုဝင်ဘာ ၁၅

စစ်ကောင်စီတပ်သားများကို လက်နက်ချရန် အညံ့ခံရန် ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များ သတိပေးပြောဆိုခဲ့သော်လည်း လက်နက်မချဘဲ ပြန်လည် ခုခံသဖြင့် AA ဖက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၅ ဦးသေဆုံးကြောင်း သိရသည်။ 

ယနေ့ နိုဝင်ဘာလ ၁၅ ရက် နံနက် ၅ နာရီ ၃၆ မိနစ်တွင် ရခိုင်ပြည်၊ မောင်တော၊ ကံပြင်သာစည်ရွာ၏ အရှေ့မြောက်တွင် လက်နက်ချ အညံ့မခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို AA ကလိုက်လံတိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့မှ ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်သည်။ 

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူအချိုရှိခဲ့ကြောင်း  ဆက်လက်၍လည်း လက်နက်ချအညံ့မခံသောသူများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့တွင် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော် နယ်မြေရဲစခန်းမှ ဒုရဲအုပ် လက်နက်နှင့်အတူ ရက္ခိုင့်တပ်တော် AA ထံသို့ အလင်းဝင် ရောက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များမှာ စခန်းစွန့်ခွာသွားကြပြီ ဖြစ်ကြောင်း ဒေသတွင်း နေထိုင်သူများက ပြောသည်။

ထို့အပြင် မြောက်ဦးမြို့နယ် တိမ်ညိုတိုက်နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁၀၀ ခန့် စခန်းစွန့်ခွာသွားကြပြီ မင်းပြားမြို့နယ် ရာမောင်တံတားအနီးရှိ စစ်ကောင်စီ ရဲတပ်စခန်းတို့ ထွက်ပြေးသွားကြောင်း ဒေသခံများ က ပြောသည်။

အလားတူ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက် တစ်နေ့တည်းတွင် မင်းပြားအပါအဝင် ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ တို့မှ ရဲတပ်စခန်း ၉ ခုခန့် စခန်းစွန့်ခွာမှုရှိခဲ့ပြီး စခန်းစွန့်ခွာသည့် ရဲတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာမြို့နယ် အလိုက် စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းလျှက်ရှိနေသည်။

Western News-WN

ပုံစာ- ရခိုင်ပြည် မောင်တော၊ ကံပြင်သာစည်ရွာတွင် ယနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ တွင် တိုက်ပွဲဖြစ်စဉ်အတွင်း ဖမ်းဆီးရရှိသည့် စစ်ကောင်စီတပ်သားတစ်ဦးအားတွေ့ရစဉ်။

Post a Comment

Previous Post Next Post