တိုက်ပွဲသတင်းထုတ်ပြန်ချက်
ရက်စွဲ။။ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၁၅)ရက်
၁။ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် တည်ရှိသောအဖွဲ့အစည်းဖြစ်ပြီး ညီနောင်မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ ပူးပေါင်း၍ “တောင်သမန် စစ်ဆင်ရေး”ကို ဆင်နွှဲလျက်ရှိသည်။
၂။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၁၃)ရက်နေ့မှစ၍ နိုဝင်ဘာ(၁၅)ရက်နေ့အထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ မဟာမိတ် TNLA နှင့် မတ္တရာမြို့နယ်ဒေသခံ ပူးပေါင်းတပ်ဖွဲ့များသည် မတ္တရာမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်ပွား လျက်ရှိသည်။
၃။ တိုက်ပွဲ (၃)ရက်တာအတွင်း ရန်သူ့ဘက်မှ အင်အားအလုံးအရင်းဖြင့် အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့သော်လည်း မအောင် မြင်ခဲ့ပဲ အကြိမ်ကြိမ်ပြန်ဆုတ်ခွာသွားခဲ့ရသည်။ ထို့ပြင် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကစဉ့်ကလျား ထွက်ပြေးသော ပျူစောထီးတပ်ဖွဲ့ဝင်များအား စကစတပ်သားများက (၁၅)မိနစ်ခန့် ကြာသည့်အထိ အချင်းချင်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ သည်ကို မျက်မြင်တွေ့ရှိခဲ့ရသည်။
၄။ မတ္တရာမြို့နယ်အတွင်း တိုက်ပွဲများတွင် ရန်သူဘက်မှ လေကြောင်းတိုက်ခိုက်မှု (၇)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။ တိုက်ပွဲများအတွင်း ရန်သူဘက်မှ ပျူခေါင်းဆောင် (၁)ဦး အပါအဝင် အများအပြားအား ချေမှုန်းနိုင်ခဲ့ပြီး အသေးစိတ်ကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
၅။ မိမိတို့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် မတ္တရာမြို့နယ်၌ ရန်သူ့အင်အား(၈၀၀)ဝန်းကျင်ဖြင့် ရင်ဆိုင်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ရန်သူဘက်မှလည်း လက်နက်ကြီးများ ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် တရစပ် ဖိအားပေး တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲနှင့်ဝေးသော ဘေးလွတ်ရာနေရာများတွင် တိမ်းရှောင်နေကြ ပါရန် ကျွန်ုပ်တို့မှ အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။
၆။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ(၁၄)ရက်နေ့တွင် ကျောက်မဲမြို့ အခြေစိုက် စကခ(၁)စစ်တပ်ဝင်းအတွင်းသို့ Drone ဖြင့် ဗုံးသီး(၈)လုံးကြဲချခဲ့ပြီး (၈)လုံးစလုံး ပစ်မှတ်တည့်တည့်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ရန်သူ၏ ထိခိုက်ဒဏ်ရာ ရရှိမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။
၇။ ထို့ပြင် နောင်ချိုမြို့နယ် ဂုတ်တွင်းအနီးတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များသည် နေ့စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
စစ်ဦးစီးအဖွဲ့
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)