မုံရွာ၊ ချောင်းဦးနှင့် အရာတော်ရှိ စစ်ကောင်စီတပ်စခန်းများနှင့် ဂိတ်အပါအဝင် နေရာခုနစ်ခုကို PDFများ တိုက်ခိုက်
▪️ဗိုလ်ကြီးတစ်ဦးအပါအဝင် ၂၀ခန့်သေ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိဟု အမှတ်(၁)စစ်ဒေသရုံး အသိပေး
အောင်ဇေယျ/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာ၊ ချောင်းဦးနှင့် အရာတော်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများနှင့် ဂိတ်များအပါအဝင် နေရာခုနစ်ခုကို (၅)ရက်အတွင်းတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၂၀ခန့်သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသရုံးက သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၃ရက်က မုံရွာခရိုင်၊ အရာတော်မြို့ စက်မှုလယ်ယာဂိတ်ရှိ တင့်ကားတပ်ရင်း - တကရ (၅၀၀၄)မှ စစ်သားနှင့် ရဲအင်အား ၂၀ခန့်နှင့် လူဝင်မှုကြီးကြပ်ရေးရုံး(လဝက)ရှိ စစ်အခြေခံလေ့ကျင့်ရေးတပ် - စခတ(၁၀)မှ စစ်သားနှင့်ရဲ အင်အား ၁၀ဦးအား မုံရွာခရိုင်ကွန်မန်ဒိုတပ်မှူးဦးစီး မုံရွာခရိုင်ကွန်မန်ဒိုတပ်ဖွဲ့၊ သပြေညိုပြောက်ကျားတပ်ဖွဲ့၊ Danger Force LPDF၊ မြင်းမူ လျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့က တိုကိခိုက်ခဲ့သည်။
တိုက်ခိုက်မှုတွင် ဘန်ကာ နှစ်လုံး မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် လေးဦး သေဆုံးကာ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။
နိုဝင်ဘာ ၄ရက်က ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းဘေးရှိ စစ်အင်ဂျင်နီယာတပ်ရင်း - စအရ (၉၀၉)မှစစ်သား၊ ရဲနှင့် ပျူစောထီး အင်အား ၃၅ဦးဖြင့် တပ်စွဲထားသည့် မြပုလဲဆီဆိုင်အနီး စစ်ဆေးရေးဂိတ်အား မုံရွာခရိုင် တပ်ရင်း(၆)၊ ချောင်းဦးမြို့နယ် ပကဖ၊ CHUPDF (LPDF)၊ မုံရွာခရိုင် Droneတပ်ဖွဲ့၊ မြင်းခြံခရိုင် Droneတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ဦးခန့် သေဆုံးကာ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရပြီး ဂိတ်စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ PDFအဖွဲ့ဘက်က ရဲဘော် ငါးဦး ကျဆုံးပြီး စစ်ကောင်စီ ၏ လက်နက်ကြီး၊ ငယ် (၅)လက်၊ ဗုံးသီး (၅)လုံး၊ ကျည်မျိုးစုံ (၄၇၇ တောင့်၊ ကျည်ဘောက် (၈) ခုနှင့်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိကြောင်း ထပ်မံထုတ်ပြန်သည်။
ကတုတ်ကျင်း၊ ဘန်ကာအခိုင်အမာဖြင့် ခုခံနေသောရန်သူကို ကျည်ကွယ်မျက်ကွယ်မရှိသည့်ကွင်းပြင်မှ ထိုးဖောက်ဝင်ရောက်၍ လုံးထွေးချေမှုန်းခဲ့ရသဖြင့် ထိခိုက်မှုအချို့ရှိခဲ့ခြင်းဖြစ်ကြောင်း ချောင်းဦး(ပကဖ)က ပြောသည်။
ထို့အပြင် နိုဝင်ဘာ၄ရက်ကလည်း မုံရွာမြို့နယ် စွမ်းရည်ထက်ဆီဆိုင်ဂိတ်တွင် တပ်စွဲထားသော ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း - ထပရ (၉၂၉)မှ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး အင်အား ၅၀ခန့်အား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် တပ်ရင်း (၂၄)၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့ ၊မုံရွာမြို့နယ် ပကဖ၊ တိုက်နယ် (၂၊ ၃၊ ၄) ပကဖ၊ မုံရွာမြို့နယ် ပလဖ၊ Monywa Special ဒိတ်ဒိတ်ကြဲ (LPDF) အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုဝင်ဘာ ၇ရက်ကလည်း စစ်ကောင်စီ အင်အား ၃၀ခန့်ရှိသည့် မုံရွာမြို့နယ် ညောင်ဖြူပင်ရွာရှိ နယ်မြေရဲစခန်းအား မုံရွာခရိုင် တပ်ရင်း(၇)နှင့် မုံရွာခရိုင် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တို့မှ စီးနင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊တိုက်ပွဲအတွင်း ပြည်သူ့ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ထပ်မံအသိပေးသည်။
ထို့အပြင် မုံရွာမြို့နယ် မအူဂိတ်နှင့် တောပု(ပျူစောထီး)ရွာအား မုံရွာခရိုင်တပ်ရင်း (၁၃၊ ၂၂၊ ၂၇) တို့က လည်းကောင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အား မုံရွာမြို့နယ် ပကဖ၊ ကံအိုးကျေးရွာ ပကဖ၊ ခိုးသန်းကျေးရွာ ပကဖ အဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမှတ် (၁)စစ်ဒေသရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။