သနန်ကျေးရွာ အကျဥ်းစခန်းနဲ့ ကသည်းစခန်းတို့ကို သိမ်းပိုက်ရရှိ

သနန်ကျေးရွာ အကျဥ်းစခန်းနဲ့ ကသည်းစခန်းတို့ကို သိမ်းပိုက်ရရှိ၊ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ထောင်ကျော်တိမ်းရှောင်နေရ
==========
၂၈ နိုဝင်ဘာ၊ ၂၀၂၃
Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အထက်ပိုင်း အိန္ဒိယ - မြန်မာနယ်စပ်  မြို့သစ်မြို့နဲ့ သနန်ကျေးရွာကြားမှာ နိုဝင်ဘာ ၂၂ရက်နေ့ကစလို့ တိုက်ပွဲတွေပြင်းထန်နေခဲ့ပြီး ဒေသခံ တစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တမူးအထက်ပိုင်းတစ်လျှောက်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့၄င်းတို့ရဲ့လက်ဝေခံ  (SNA)
ရှမ်းအမျိုးသားတပ်၊ကသည်းလက်နက်ကိုင်ပူးပေါင်းတပ်တွေကို  ကူကီးအမျိုးသားတပ်
ဗမာပြည် (KNA-Burma) နဲ့ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂၂ရက်နေ့ကစတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၃ရက်နေ့မှာတော့ သနန်ကျေးရွာကို
သိမ်းပိုက်နိုင်ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

အထိနာလာတဲ့စစ်ကောင်စီတပ်ဟာနိုဝင်ဘာ ၂၄ရက်နေ့မှာတော့ သနန်ကျေးရွာကို
လေကြောင်းတိုက်ခိုက်မှုတွေစတင်လုပ်ဆောင်လာခဲ့တာကြောင့် အိမ်ခြေ ၂၀၀ကျော်ရှိတဲ့ သနန်ဒေသခံတွေဟာ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ရပြီး အနီးနားက ဖိုင်လင်း၊ စေတီ၊ မှန်တော၊ နန်းအောက်မော်၊ စိုးသာစတဲ့ ကျေးရွာက လူတစ်ထောင်ကျော်ဟာ နီးစပ်ရာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်နဲ့
တောတောင်တွေထဲကိုတိမ်းရှောင်နေရတယ်လို့ သနန်ဒေသခံတစ်ဦးကပြောပါတယ်။

"နိုဝင်ဘာ ၂၂ရက်နေ့ကစပြီး တိုက်ပွဲတွေစဖြစ်တယ်။ ပထမကတော့ မြို့သစ်ဖက်ကနေ
သေနတ်သံတွေစကြားတယ်။ပြီးတော့ ဖြည်းဖြည်းချင်း နီးလာတယ်။၂၃ရက်နေ့မှာတော့
ကျွန်တော်တို့ရွာကိုရောက်လာတယ်။၂၃ရက်နေ့ မနက်ကတည်းက ကျွန်တော်တို့တစ်ရွာလုံး
တောထဲ ပြေးကြတာပဲ။ ၂၃ရက်နေ့ညနေပိုင်းမှာတော့တစ်ချို့တွေ ရွာမှာပြန်နေကြတယ်။ ၂၄ရက်နေ့မနက်ပိုင်းမှာ မြို့သစ်မှာရဟတ်ယာဥ် ၃စီး ရောက်တယ်လို့ကြားတော့ ရွာကိုပြန်လာတဲ့
သနန်ဒေသခံတွေလည်း ကြောက်ပြီးထပ်ပြေးကြရပြန်တယ်။နောက်တော့မကြာဘူး။ သနန်နဲ့
ဖိုင်လင်းဖက်တွေကို ဗုံးတွေကြဲတယ်။ သနန်ရွာက အိမ်၆လုံးမီးလောင်ပျက်စီးသွားတယ်။
အခုတော့ အဲ့ရွာအနီးနားတဝိုက်က ရွာ၆ရွာလောက်ထွက်ပြေးနေကြတယ်။တစ်ချို့က မဏိပူရ်ပြည်နယ်ဖက်က ဖိုင်ကော့ရွာ၊ ဟုန်လင်ဖိုင်းရွာ တွေဖက်ကိုပြေးကြတယ်။တစ်ချို့ကတော့
တောတောင်တွေထဲပြေးကြတယ်။ကျွန်တော်တို့ကတော့ခုလောလောဆယ်တောထဲမှာပါ။" လို့ သနန်ရွာသားတစ်ဦးကပြောပါတယ်။ 

လယ်ယာစိုက်ပျိုးရေးနဲ့ အဓိကအသက်မွေးနေရတဲ့ ကျေးရွာဒေသခံတွေဟာ စပါးရိတ်သိမ်းနေရမယ့်
အချိန်မှာ တောထဲတောင်ထဲစစ်ဘေးရှောင်နေရပြီး စားရေးသောက်ရေးနေရေးထိုင်ရေးလည်း
အလွန်ခက်ခဲနေကြတယ်လို့ ဖိုင်လင်းဒေသခံအမျိုးသမီးတစ်ဦးကလည်းဆိုပါတယ်။

ဟုမ္မလင်းမြို့နယ် တုံဟဲကျေးရွာနဲ့ တမူးမြိုန့ယ်သနန်ကျေးရွာကြား မြန်မာပြည်ဘက်ခြမ်းမှာ
၂၀၂၀လောက်ကတည်းက ခြေကုပ်ယူထားပြီးအာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီနဲ့ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များကို မကြာခဏတိုက်ခိုက်လေ့ရှိတဲ့ ကသည်းလက်နက်ကိုင်တပ်စခန်းကိုလည်း.နိုဝင်ဘာ ၂၃၊ မနက် ၆နာရီလောက်မှာ ကူကီးအမျိုးသားတပ် (ဗမာပြည်) KNA Burma နဲ့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတွေက
သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။

ရုတ်တရက်ပြင်းထန်လာတဲ့တိုက်ပွဲကြောင့်ကျေးရွာ ၆ရွာက ဒေသခံတွေဟာ အလျှိုလျှိုထွက်
ပြေးနေကြရပြီး  အိန္ဒိယဖက်ခြမ်းကို တိမ်းရှောင်နေရသူ ၄၀၀ကျော်ရှိကာ ထွက်ပြေးကြသူတွေအနက် အများစုကိုတော့ သနန်ကျေးရွာပအဖက ကူညီစောင့်ရှောက်ထားတယ်လို့ တမူးမြို့နယ်
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ တာဝန်ခံကပြောပါတယ်။

"ဒီဖက်မှာ တိမ်းရှောင်တာက အညာဖက်မှာတွေလို Refugee Camp (စစ်ရှောင်စခန်း)
တွေမရှိဘူးဗျ။ ထွက်ပြေးပြီဆိုရင်အိန္ဒိယဖက်ခြမ်းက ရွာတွေ၊ သူတို့နဲ့ခင်တဲ့
အိမ်တွေမှာပဲ ရှောင်နေကြတာများတယ်။သူတို့တွေအတွက် ကျွန်တော်တို့ ပအဖနဲ့
ပကဖတွေကနေပြီးတော့ ရိက္ခာတွေ၊အခုဆောင်းဝင်ပြီဆိုတော့ စောင်တွေ၊အနွေးထည်တွေ ကိုယ်တတ်နိုင်သလောက် စီစဥ်ဆောင်ရွက်ပေးပါတယ်" လို့ တမူးမြို့နယ် ပအဖ ခေါင်းဆောင်တစ်ဦးကပြောတယ်။

လက်ရှိမှာတော့ တမူးမြို့နယ်အထက်ပိုင်း၊သနန်ကျေးရွာနဲ့ ၁၀မိုင်ခန့်ကွာဝေးတဲ့မြို့သစ်မြို့မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်လျက်ရှိပါတယ်။

သနန်ကျေးရွာဟာ စစ်ကိုင်းတိုင်း၊တမူးမြို့နယ်အထက်ပိုင်းတမူးမြို့နဲ့ မိုင် ၄၀ခန့်သာကွာဝေးပြီး
တမူး - အောင်ဇေယျ ကားလမ်းပေါ်မှာတည်ရှိတဲ့အိန္ဒိယ မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်
အချက်ချာကျတဲ့စံပြအုပ်စုကျေးရွာလည်းဖြစ်ပါတယ်။ 

အိမ်ခြေ ၂၀၀ကျော်ရှိပြီး ကူကီးလူမျိုးစုတွေအများစုနေထိုင်ကြတဲ့ဒေသဖြစ်ကာအာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီရဲ့လက်ဝေခံ ရှမ်းနီတပ်နဲ့ ပျူစောထီးအဖွဲ့တွေဂိတ်ချဆတ်ကြေးကောက်ခံရာ နေရာလည်း
ဖြစ်ပါတယ်။

Post a Comment

Previous Post Next Post