ကွတ်ခိုင်မှ စစ်ကောင်စီစခန်းများကို
တော်လှန်ရေးအဖွဲ့များတိုက်ခိုက်
သရဖူ/People's Spring
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်နှင့် နမ့်ခမ်းမြို့ကိုသိမ်းယူပြီးနောက် ကွတ်ခိုင်မြို့ကို မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ယနေ့(ဒီဇင်ဘာလ ၂၀ရက်)ညနေမှစတင်ကာနှင့် တိုက်ခိုက်နေကြောင်းသတင်းရရှိသည်။
"တိုက်ပွဲကမနက်က စတာ။ ဒီညနေ ပိုပြင်းထန်နေတယ်။ မဟာမိတ်တွေရဲ့အင်အားကအများကြီးပဲ။ ဒရုန်းတွေ ရှယ်နဲ့ချတာ။ စစ်တပ်ခဏနဲ့ကျမယ်ထင်တယ်" ဟု ဒေသခံတဦးကသူအမြင်ကိုပြောသည်။
ကွတ်ခိုင်မြို့မှ စစ်ကောင်စီတပ်စခန်းများတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဖုန်းလိုင်းအားလုံးကိုဖြတ်တောက်လိုက်ကြောင်းလည်းဒေသခံအချို့ကပြောသည်။
TNLA ကယနေ့ (ဒီဇင်ဘာ ၂၀ )တိုက်ပွဲသတင်းများထုတ်ပြန်ရာတွင် ကွတ်ခိုင်မြို့ ရှိစစ်ကောင်စီတပ်မှ ပန်ကူ၊ တုံဆင်ကြီးနှင့် တုံဆင်လေးကျေးရွာသို့ လက်နက်ကြီးဖြင့် (၂၀)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားသည်။စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၀ရက်နေ့တွင် Mi-17 ထောက်ပို့ရဟတ်ယာဥ်ဖြင့် စစ်ကူနှင့် လက်နက်ခဲယမ်းများကို ကွတ်ခိုင်ရှိ စစ်တပ်စခန်းသို့ (၁)ကြိမ်ချခဲ့ကြောင်းလည်း အသိပေးထားသည်။
ထိုအပြင် ကွတ်ခိုင်မြို့နယ်နမ့်ခိုင်တံတားရှိ စစ်ကောင်စီစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၂၀ )မနက် ၆ နာရီတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ နမ့်ခိုင်တံတားရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းလည်းသိရသည်။
“ ထွက်ပြေးသွားတဲ့ စကစ တပ်တွေကို ညနေ ၃နာရီအထိ လိုက်လံရှင်းလင်းခဲ့တယ်။ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိထားတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ကွတ်ခိုင်မြို့တွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၄၁)
ဗျူဟာကုန်းရှိပြီး စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့များလည်းရှိသည်။ ထို့အပြင် ကွတ်ခိုင်နှင့်မူဆယ်ကြားရှိ နမ့်ဖက်ကာတွင်လည်း စစ်ကောင်စီဗျူဟာကုန်းရှိနေသည်။
တိုက်ပွဲများဖြစ်လာနိုင်ခြေရှိသည်ဟုဆိုကာ ဒေသခံအများစုသည် ဒီဇင်ဘာလဆန်းမှစတင်၍ တိမ်းရှောင်နေခဲ့ကြသည်။ သို့သော် မြို့အပေါ်ရပ်ကွက်အချို့နှင့် ကျေးရွာများ၌ ဒေသခံများရှိနေသေးသည်။
လတ်တစ်လော၌ ဖုန်းလိုင်းဆက်သွယ်ရေးအခက်အခဲကြောင့် မြေပြင်အခြေအနေကိုအသေးစိတ်မသိရှိရသေးပေ။ စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများတွင် ကွတ်ခိုင်မှ စခန်းများ တိုက်ခိုက်ခံနေရကြောင်း ယနေ့ညနေပိုင်းမှစတင်ပြီး ရေးသားနေကြသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့သည် နမ့်ဆန်မြို့ကို ဒီဇင်ဘာလ ၁၆ရက်က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး၊ နမ့်ခမ်းမြို့မှ စစ်တပ်၏နောက်ဆုံးစခန်းဖြစ်သော စခန်းသစ်ကုန်းကိုလည်း ဒီဇင်ဘာ ၁၈ ရက်ညတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ထို့ကြောင့် နမ့်ခမ်းမြို့ တစ်မြို့လုံးကို TNLA ကသိမ်းပိုက်ထိန်းချုပ်သွားနိုင်ပြီဖြစ်သည်။
စစ်ရေးရှုံးနိမ့်နေသည့်စစ်ကောင်စီတတပ်သည် လူနေကျေးရွာများကို လေကြောင်းမှတိုက်ခိုက်နေ၍ အထူးသတိပြုကြရန် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကသတိပေးထားသည်။