မန္တလေးနန်းတွင်းရှိ လပခ

မန္တလေးနန်းတွင်းရှိ လပခ ပစ်ခတ်တိုက်ခိုက်ခံရ

အင်ကြင်း/People's Spring

မန္တလေးမြို့ နန်းတွင်းရှိ စစ်ကောင်စီ​၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)တည်ရှိရာအား တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMDအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (ဒီဇင်ဘာ ၂၁ ရက်)နံနက် ၂နာရီခွဲခန့်က မန္တလေးမြို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)တည်ရှိရာအား တာဝေးပစ် (၁၇၀) မမ ၆ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Forceအဖွဲ့က အသိပေးသည်။

မန္တလေးမြို့၌ စစ်ကောင်စီတပ်၏ အလုံခြုံဆုံးဟုယူဆထားသည့် ၎င်းတို့၏ နောက်ဆုံးခံတပ် လပခအား တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း No More Dictatorship People Defence Forceအဖွဲ့ကဆိုသည်။

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ No More Dictatorship People Defence Force အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေမသိရသေးပေ။

တိုက်ခိုက်မှုကြောင့် ထွက်ပေါ်လာသည့်အသံများကို မန္တလေးမြို့အပြင်မှလည်း ကောင်းစွာကြားလိုက်ရကြောင်း နယ်ခံများက ပြောသည်။

"တော်တော်ကျယ်တယ်။ လေးငါးလုံးလောက်ဆက်တိုက်ပဲ။"ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား Brave Warriors For Myanmar(BWM)၏ ကူညီပံ့ပိုးမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး(U.S.O)နှင့်အတူ No More Dictatorship People Defence Force-NMD၊ Security & Special Task Force(SSTF-MDY)၊ ပြင်ဦးလွင်ခရိုင်ပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

No More Dictatorship People Defence Force-NMDနှင့် တော်လှန်ရေးအင်အားစုများသည် မန္တလေးမြို့အား မြို့သိမ်းတိုက်ပွဲပြုလုပ်ရန် အခရာကျသော ဗျူဟာမြောက်စစ်ဆင်ရေးများကို ဖော်ဆောင်နေကြောင်းလည်း အသိပေးထားသည်။


Post a Comment

Previous Post Next Post